“Better Version ရဲ့ 3 Ideas 3 Tips”
လုပ်ငန်းတစ်ခုရဲ့ အောင်မြင်ရေးဟာ ဒီလုပ်ငန်းထဲမှာရှိနေတဲ့လူတွေရဲ့ အရည်အချင်း၊ ဖန်တီးနိုင်မှုစွမ်းရည်၊ စည်းကမ်းရှိမှုတွေ ပါဝင်တယ်။ ယှဥ်ပြိုင်မှု ပြင်းထန်လာတဲ့ ဈေးကွက်တွေ ဖြစ်လာတယ်။ လုပ်ငန်းတိုင်းဟာ ကိုယ့်လုပ်ငန်းထဲ ဝန်ထမ်းတွေဆီကနေ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရယူနိုင်ဖို့အတွက် ကြိုးစားပြင်ဆင်လာတယ်။
စီမံခန့်ခွဲမှုရဲ့ သဘောက အရင်းအမြစ်နည်းနည်းသုံးပြီး ရလဒ်များများထွက်အောင် လုပ်ရတဲ့ လုပ်ငန်းစဥ်ဆိုပါတော့။
ကိုယ့်လုပ်ငန်းကလူတွေရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ရဖို့အတွက်ဆိုရင် ဒီ ၃ ချက်ကို သေချာ စဥ်းစားပြီး ပြင်ဆင် လုပ်ဆောင်သင့်တယ်။
၁) ဆုံးဖြတ်ခွင့်၊ လုပ်ပိုင်ခွင့် ပေးပါ။
ဖောက်သည်ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေကို ဝယ်သူရဲ့ ပြသနာတွေကို ဖြေရှင်းဖို့အတွက် လုံလောက်တဲ့ အခွင့်အာဏာ ပေးထားဖို့လိုမယ်။ Call Center ကိုသာ ဖုန်းဆက်နေရတာ အချက်အလက်တောင် ကောင်းကောင်းမပေးနိုင်တဲ့ အနေအထားမျိုး၊ ပြသနာတက်နေတဲ့လူသာ ပြောရတာ မောသွားမယ်.. ဟုတ်ကဲ့..ဟုတ်ကဲ့ ပါလောက်ဘဲ ပြောခွင့်ပေးထားပြီးတော့ ဘာလုပ်ပိုင်ခွင့်မှ မပေးထားတဲ့ Customer Support Center ဆိုတာ လူတိုင်းကို စိတ်ပျက်စရာခံစားချက်တွေ ပေးဖို့အတွက် နေရာတစ်ခု ဖန်တီးထားလိုက်တာဘဲ ဖြစ်နေမှာဘဲ။
အသေးစိတ် စီမံခန့်ခွဲတဲ့ ပုံစံ၊ ဆုံးဖြတ်ချက်မှန်သမျှကို အထက်ကို စောင့်နေရတဲ့ ယဥ်ကျေးမှုနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းမှာ ဝန်ထမ်းတွေရဲ့ အပြောင်မြောက်ဆုံး စွမ်းဆောင်ရည်ကို မျှော်လင့်ထားလို့ မရနိုင်ဘူး။ ဝန်ထမ်းတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မှေးမှိန်စေတတ်တယ်။ အလုပ်မဖြစ်ဘူး။
အဲဒီအစားကို လုပ်ငန်းခွင်မှာ နေရာအလိုက် အခွင့်အာဏာပေးထားတာ၊ ကျွမ်းကျင်မှုအလိုက် ဆုံးဖြတ်ချက်ချခွင့်ပေးတာမျိုးလုပ်သင့်တယ်။ ဒီနည်းလမ်းဟာ အလုပ်ကိုကိုယ့်အလုပ်ရယ်လို့ ခံစားရစေတယ်။ ပြသာနာဖြစ်လာတိုင်း ကိုယ်တိုင် အဖြေရှာတတ်တဲ့အကျင့်ကိုမွေးမြူရာရောက်တယ်။ ဝန်ထမ်းကို စိတ်ခွန်အားကောင်းကောင်းပေးနိုင်မှာ ဖြစ်တယ်။
အယုံကြည်ခံရပါတယ်ဆိုတဲ့ စိတ်ခံစားချက်ရထားတဲ့ ဝန်ထမ်းဟာ သူရဲ့ အကောင်းဆုံးသော အပြောင်မြောက်ဆုံးသော ရလဒ်ကို ပေးဖို့အတွက် တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။
၂) စဥ်ဆက်မပြတ် သင်ယူခြင်းကနေ ဖွံဖြိုးမှုအတွက် လိုအပ်တာတွေကို ရင်းနှီးမြုပ်နှံပါ။
ဘတ်ဂျတ်ဆွဲတဲ့အခါ ဝန်ထမ်းတွေတိုးတက်ရေးအတွက် ဘယ်လောက်သုံးမလဲဆိုတဲ့ နေရာကို ကြည့်လိုက်တာနဲ့တင် ဒီလုပ်ငန်းရဲ့ နောက်ပိုင်းအလားအလာကို အနည်းငယ် ခန့်မှန်းနိုင်လိမ့်မယ်။ ပိုင်ရှင်ဟာ ဖြစ်သင့်သလောက် ဖြစ်နေမလား။ လွတ်လပ်ခွင့်ရှိနေမလား။ အလုပ်တွေရှုပ်နေတာထက်ကို လုပ်ငန်းတိုးတက်ရေးအတွက် အချိန်ပိုပေးနိုင်မလားဆိုတာလဲ ဒီအချက်က အဖြေဘဲ။
ဝန်ထမ်းတွေ သင်ယူဖို့၊ တိုးတက်မှုတွေ ဆက်တိုက်လုပ်နိုင်ဖို့အတွက် ထည့်သွင်းစဥ်းစားခြင်းဟာ လုပ်ငန်းရဲ့ ရေရှည်အတွက်အကျိုးရှိမယ့် ရင်းနှီးမြုပ်နှံမှု ဗျူဟာဘဲ ဖြစ်ပါတယ်။ သင်ပြီးထွက်သွားရင် ဘာဖြစ်မလဲဆိုရင်တော့ ကုသိုလ်ရတယ်လို့သာ တွေးလိုက်ပါ။ ဘာမှတိုးတက်မှုမရှိတဲ့ ဝန်ထမ်းတွေနဲ့ ဆက်သွားနေတာထက်စာရင် သေချာသင်ပေးထားတဲ့ လူတွေက ပိုပြီး အထောက်အကူဖြစ်မှာပါ။
သိထားသင့်တဲ့ အကြောင်းအရာတွေ၊ တတ်ထားသင့်တဲ့ စကေးတွေရှိနေတဲ့ ဝန်ထမ်းတွေက ပိုပြီးတော့ လုပ်ဆောင်ချက်ကောင်းမှာပေါ့။ ဝန်ထမ်းတွေတိုးတက်ရေးမှာ ရင်းနှီးမြုပ်နှံခြင်းက ရေရှည်တိုးတက်မှုကို လိုလားကြောင်း ပြသနေတဲ့သဘောလဲ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေကိုယ်တိုင် စိတ်လုံခြုံမှုကို ဖြစ်စေမယ်။ စိတ်လုံခြုံမှုကနေတစ်ဆင့် လုပ်ငန်းအပေါ် အကောင်းပိုမြင်တာ၊ သစ္စာရှိဖို့အတွက် စဥ်းစားလာမှာဖြစ်ပါတယ်။
၃) အကောင်းမြင်ရှေးရှုတဲ့ လုပ်ငန်းခွင်၊ အထောက်အပံ့ပေးတတ်တဲ့ ယဥ်ကျေးမှု ဖြစ်အောင် ဖန်တီးပါ။
အကောင်းမြင်မှု ရှေးရှုတဲ့ လုပ်ငန်းခွင်၊ အထောက်အပံ့ပေးတဲ့ ယဥ်ကျေးမှုရှိခြင်း ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှု၊ အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ကျေနပ်မှုကို ဖြစ်စေပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့အကျင့်၊ အသိမှတ်ပြုတာ၊ ဆုပေးတဲ့စနစ်၊ အပြန်အလှန်လေးစားမှုနဲ့ အသင်းအဖွဲ့စိတ်ထားကို မြှင့်တင့်တဲ့ စနစ်၊ အကျင့်ဖြစ်အောင် ပျိုးထောင်ပါ။
တန်ဖိုးထားခံရတယ်။ အသိမှတ်ပြုခံရတယ်။ အထောက်အပံ့ကောင်းကောင်းရနေမယ်ဆိုရင် ဝန်ထမ်းတွေအနေနဲ့ အလုပ်အပေါ်မှာ ပိုပြီး စိတ်ထည့်ထားနိုင်တယ်။ အလုပ်လုပ်ချင်စိတ်ပိုဖြစ်မယ်။ စွမ်းဆောင်ရည် ပိုဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီသုံးနည်းကို သေချာ လုပ်နိုင်မယ်ဆိုရင် လုပ်ငန်းခွင်မှာ နေပျော်ပြီးတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ဝန်ထမ်းတွေရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရယူနိုင်မှာ ဖြစ်ပါတယ်။
Better Version Website မှာ အရောင်းပိုင်း၊ မားကတ်တင်းပိုင်းနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို အချိန်မရွေး ၊ နေရာမရွေး ဝင်ရောက် လေ့လာဖတ်ရှုနိုင်ပါတယ်။
နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် Better Version ရှိပါတယ်။