ဆက်လျှောက်နိုင်မယ့်ခွန်အားရစေဖို့ နည်းလမ်း ၇ခု
Min Than Htut

🎶 ခုနှစ်ကြိမ်လဲသော်

🎶 ခုနှစ်ကြိမ်ပြန်ထ

စကေး တကယ်ရှိတဲ့ကောင်က

ဘယ်သူကိုမှ ရန်မစ 🎶

 

နားထောင်တိုင်း သဘောကျရတဲ့ J-Me ရဲ့စာသားပေါ့။
 

လူသားရယ်လို့ ဖြစ်လာရင်တွဲပါတာမှာက ကျဆုံးခြင်းတွေ၊ ကိုယ်ဖြစ်ချင်သလို မဖြစ်ခြင်းတွေပါဘဲ။ အထူးသဖြင့် ရည်မှန်းချက် ကြီးလွန်းတဲ့ လူတွေမှာပေါ့။ ကိုယ့်အချိန်တွေ၊ အင်အားတွေ အကုန်လုံးကို ပုံအောပြီးမှ ဖြစ်ချင်သလို ဖြစ်မလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဆိုတာ ရှိလာမှာဘဲ။ တခါတလေမှာ ယုံကြည်မှု ပျောက်ဆုံးတာ၊ ဘာမှကို ဆက်မလုပ်ချင်တော့တာ၊ အရာရာတိုင်းကို အကောင်းမမြင်နိုင်တော့တဲ့ အချိန်မျိုးတွေရှိလိမ့်မယ်။

---------------

အောင်မြင်တယ်လို့ ယူဆခံနေရတဲ့လူတိုင်းရဲ့ နောက်ကွယ်မှာ ကျဆုံးခြင်းတွေ တပုံတပင်ရှိနေကြတယ်။ လူ့အသိုင်းအဝိုင်းရဲ့ သဘောက အောင်မြင်ခြင်းကိုဘဲ မီးမောင်းထိုးပြတတ်ကြတယ်။
 

ဒီပိုစ့်က လုပ်ငန်းရှင်တွေ၊ လုပ်ငန်းရှင်းလောင်းလျာတွေနဲ့ အောင်မြင်မှု ပြေးလမ်းပေါ်ကို တက်ဖို့ ကြိုးစားနေကြတဲ့ လူတွေအတွက် ဖြစ်ပါတယ်။ ကျဆုံးမှုတွေနဲ့ ကြုံလာတဲ့အခါ ပြန်လည်နိုးထလာနိုင်ဖို့အတွက် နည်းလမ်းတချို့ကို ပြောပြချင်တာပါ။
 

၁) ကျဆုံးမှုကို သင်ယူဖို့အတွက် အခွင့်အလမ်းလို့ မြင်ပါ။

----------------

စိတ်ဓာတ်ကျနေမယ့်အစား ငါ့အတွက် သင်ယူစရာတွေ ဘာရလိုက်လဲဆိုတာမျိုးတွေးဖို့လိုပါတယ်။ ပြောထားတဲ့ ပရောဂျတ်တွေ ပျက်ကုန်တာမျိုး၊ အရောင်းအားကျတာကနေ လုပ်ငန်းခွင် မငြိမ်မသက်မှုတွေအဆုံး အရာရာတိုင်းမှာ သင်ယူစရာတွေရှိနေမှာပါ။ ဘာတွေမှားသွားခဲ့လဲ။ ဘာတွေပြင်ဖို့လိုမလဲ။ နောက်ထပ်တူ အမှားမျိုး၊ ဆုံးရှုံးမှုမျိုးမဖြစ်ဖို့ဘာလုပ်သင့်လဲဆိုတာမျိုး စဥ်းစားဖို့ပါ။

 

၂) တိုးတက်မှု စိတ်နေစိတ်ထား မွေးမြူပါ။

----------------

တခါတလေမှာ အရောင်းဘယ်လောက်ရရမယ်ဆိုတာမှန်းထားပြီးမှ မရတာမျိုး ဖြစ်နေတယ်ဆိုပါတော့။ တကယ်တော့မှန်းထားသလောက် မရလိုက်သေးဘူးဆိုရင်တောင် ကိုယ့်လုပ်ငန်းခွင်မှာ တိုးတက်မှုရှိလာတာမျိုးတွေရှိနေနိုင်တယ်။ အခက်အခဲတွေမှာ အခွင့်အလမ်းတွေတွဲပါလာတတ်မျိုးဆိုတော့ ကိုယ်တိုင်မြင်အောင် ကြည့်နိုင်အောင် ကြိုးစားဖို့ပါ။ ကျဆုံးမှုကို ကိုယ်ဘယ်သူလဲ ဆိုတာကို သတ်မှတ်ချက်လုပ်ပေးတာမျိုးမဟုတ်ဘူး။ ကိုယ်တိုင်ပိုကောင်းလာတဲ့ ပုံစံဖြစ်ဖို့အတွက် အကူအညီပေးတဲ့ အရာတွေလို့ မှတ်ယူဖို့လိုပါမယ်။

 

၃) အကြောင်းအရင်းကို အမြဲ ဆွဲကိုင်ထားပါ

----------------

ဘာဘဲ လုပ်လုပ် ကိုယ်တိုင် အကြောင်းအရင်းကို ရှင်းလင်းဖို့လိုတယ်။ ငါ ဒီအလုပ်လုပ်နေတာ ဘာအတွက်လဲ ဘာကြောင့်လဲဆိုတာ ရှင်းလင်းဖို့လိုတယ်။ မိသားစုအတွက်လား။ ခရီးတွေအများကြီးထွက်ချင်လို့လား။ ကိုယ်တိုင် လူ့ပတ်ဝန်းကျင်မှာ ဝင်ဆံ့ချင်လို့လား။ တခြားလူတွေကို တတ်နိုင်သမျှ ကူညီချင်လို့လား။ စသည်ဖြင့် အကြောင်းအရင်းကို ရှင်းလင်းပါစေ။ ဆွဲကိုင်ထားနိုင်ပါစေ။

 

ကိုယ့်ရည်မှန်းချက်ဟာ အများအကျိုးနဲ့ ချိတ်ဆက်ထားနိုင်တဲ့လူတွေဟာ ပြန်လည်နိုးထနိုင်စွမ်း မြင့်မားကြပါတယ်။ ဒါကြောင့် ရည်မှန်းချက်၊ အကြောင်းအရင်းဟာ တတ်နိုင်သမျှ တခြားလူတွေနဲ့ ချိတ်ဆက်ထားပါ။

 

၄) အကူအညီ၊ လမ်းညွှန်မှု ရယူပါ။

----------------

လူတွေက အကူအညီပေးရမှာ ရက်ရောသလောက် အကူအညီတောင်းဖို့ကို တွန့်လေ့ရှိကြတယ်။ အကြွေးတင်မခံချင်စိတ်ဟာ လူတိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် ကျေးဇူးနဲ့ ပတ်သက်ရင်ပေ့ါ။ တကယ်တော့ အပြန်အလှန် သဘောမျိုး လုပ်နိုင်ရင် အကူအညီဟာ တောင်းလို့ရပါတယ်။ တချို့အရာတွေကို ကိုယ်တိုင်လုပ်ဖို့ခက်လိမ့်မယ်။ အခက်အခဲတွေကို တစ်ယောက်တည်း ကျော်လွှားနေတာထက် ကူညီပေးနိုင်မယ့်လူတွေ၊ လမ်းညွှန်ပေးနိုင်မယ့်လူတွေဆီကနေ အကြံဥာဏ် အကူအညီတောင်းပါ။ ကိုယ်မမြင်မိတဲ့ ရှုထောင့်တွေက မြင်ပေးနိုင်သလို၊ စိတ်ပိုင်းဆိုင်ရာအတွက် ခွန်အားလဲ ရနိုင်ပါတယ်။

 

၅) ရှင်းလင်းပြတ်သားမှု နဲ့ ရနိုင်ချေရှိတဲ့ ပန်းတိုင်ထားပါ။

----------------

Dream Big. “ရည်မှန်းချက်ကြီးကြီးထားပါ” ဆိုတာ စိတ်လှုပ်ရှားစရာကောင်းတယ်။ ဒါပေမယ့် ကိုယ်တိုင် မရနိုင်တဲ့ပန်းတိုင်မျိုး၊ ရည်မှန်းချက်မျိုးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို လျော့ကျလာစေနိုင်သလို အချိန်တိုင်း မပျော်ရွှင်တဲ့ စိတ်ခံစားချက်တွေနဲ့ ဖြတ်သန်းနေရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

 

ကိုယ့်ရည်မှန်းချက်ကြီးတယ်ဆိုရင် ပန်းတိုင်လေးတွေ ခွဲချထားဖို့လိုတယ်။ ဒီနှစ်ထဲ စာအုပ်တစ်အုပ်ရအောင်ရေးမယ်ဆိုရင် ဆယ်ခန်းပါတဲ့ စာအုပ်ဆိုပါတော့ တစ်လ တစ်ခန်းပြီးရင် အဆင်ပြေတယ်။ တနေ့ ၅ မျက်နှာလောက် ရေးနိုင်ရင် အဆင်ပြေတယ်။ အဲလိုဘဲ ကိုယ့်ရည်မှန်းချက်တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး ရနိုင်ချေရှိတဲ့ ပန်းတိုင်တွေချပါ။

 

အလုပ်သေးသေးလေးတွေခွဲပြီး လုပ်ရင် ပြီးမြောက်တဲ့အခါ ပျော်ရွှင်မှုရစေတယ်။ ဆက်လျှောက်ဖို့အတွက် ခွန်အားတွေရမယ်။

 

၆) ခိုင်မြဲမှု၊ ဇွဲလုံလ

----------------

အဓိပတိ ပစ္စေယာမှာ ဆန္ဒ အဓိပတိပြီးရင် ဝီရိယ နောက်ကလိုက်တယ်။ ကိုယ့်ရပ်တည်ချက်ကို ကိုယ်တိုင် ယုံကြည်နေဖို့လိုသလို၊ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ရယ်၊ တကယ်လုပ်တဲ့ အားစိုက်ထုတ်မှုကို ပေါင်းရင် ရည်မှန်းချက်တွေရအောင် လုပ်နိုင်လိမ့်မယ်။

 

၇) ပြောင်းလွယ်ပြင်လွယ်မှုနဲ့ အတူ ဖန်တီးမှု ပေါင်းစပ်။

----------------

အသစ်ကို ဖန်တီးချင်တယ်ဆိုရင် အဟောင်းကို စွန့်ရတဲ့ သဘောတွေရှိတယ်။

“ပိုခမ်းနားတဲ့ ရည်မှန်းချက်တွေကို နည်းလမ်းဟောင်းတွေနဲ့ ရနိုင်ဖို့မဖြစ်နိုင်ဘူး။”

“မပြောင်းလဲတာ ဆိုလို့ ပြောင်းလဲခြင်း” ပဲရှိပါတယ် ဆိုသလို အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်မှာ စီးမျောနိုင်ဖို့လိုတယ်။ ကိုယ်တိုင် တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့လိုပါတယ်။

 

Bonus Tip – ကိုယ့်ကိုယ်ကိုယ် ချစ်၊ ဂရုစိုက်တဲ့ အကျင့်မွေးပါ။
 

တကယ်တော့ ဒီအချက်ကို ပထမဦးဆုံး အချက်အနေနဲ့တောင် ရေးသင့်တယ်လို့ စဥ်းစားမိသေးတယ်။ ရည်မှန်းချက်ကြီးတဲ့လူတွေဟာ အများအတွက် ထည့်သွင်းစဥ်းစားကြတယ်။ ရှိသမျှ အချိန်တွေ၊ အင်အားတွေကို အကုန်လုံး ပုံအောတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်။ ရုံးမှာသာ ၁၀-၁၂ နာရီ အလုပ်လုပ်ချင်လုပ်နေတာ ကိုယ့်ကျန်းမာရေးအတွက် အချိန်လေး ဖဲ့ပေးဖို့ကို မေ့နေတတ်ကြတယ်။

 

“သင့်ရည်မှန်းချက်ဟာ သင့်ကို လိုအပ်တယ်။” ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်၊ ချစ်တတ်၊ ကြင်နာတတ်ဖို့လဲ လေ့ကျင့်ပါ။

--------------------

ကျဆုံးခြင်းဆိုတာ ရည်မှန်းချက်နဲ့ တွဲပါလာတတ်တယ်။ သင်ယူတတ်တဲ့စိတ်၊ အကူအညီပေးတတ်သလို အကူအညီလေး ယူတတ်ပါစေ။ ပန်းတိုင် သေးသေးလေးတွေနဲ့ အောင်ပွဲဆင်ပါ။ ဇွဲလုံ့လရှိပါ။ အပြောင်းအလဲတွေနဲ့ ကခုန်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ ဂရုစိုက်ပါ။

 

နောက်များ အဆင်မပြေတာ၊ ကျဆုံးတာတွေများကြုံခဲ့ရင် အပေါ်မှာ ပြောခဲ့တာတွေကို သုံးသပ်ပြီး ပြန်လည် နိုးထနိုင်ပါစေ။

 

--------------------

 

Better Version Website မှာ အရောင်းပိုင်း ၊ မားကတ်တင်းပိုင်းနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေအပြင် အခုလိုနေ့စဉ်ဘဝအတွက် အရေးပါတဲ့ Blog တွေကို အချိန်မရွေး ၊နေရာမရွေး လေ့လာဖတ်ရှုလို့ရပါတယ်။

 

နောက်တစ်ဆင့် တက်လှမ်းဖို့အတွက် Better Version ရှိပါတယ်

 

 

1 Like

Related Post

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube