ကိုယ်တိုင်လွတ်မြောက်ခြင်း
ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး တန်ဖိုးထားတဲ့သူဟာ ဘယ်တော့မှ မနာကျင်ရပါဘူး။
ကိုယ်ဟာ ချစ်တတ်တယ် ကြင်နာတတ်တယ် စိတ်သဘောထားကောင်းတယ် ဆိုတဲ့သူတစ်ယောက် ဖြစ်နေတဲ့အခါ ကိုယ်ဟာတန်ဖိုးရှိသူပဲ ။ ကိုယ်ဟာ ကိုယ့် ကျန်းမာရေးအတွက် ကိုယ်ပျော်ရွှင်ဖို့အတွက်ကို ဂရုတစိုက် အလေးထားတယ်ဆိုရင် ကိုယ့်ကိုကိုယ် ချစ်တာပဲ။
ခုခေတ်မှာ လူတွေဟာ စိတ်ရင်းစေတနာကောင်းဖို့ ခဲယဉ်းနေကြပြီ။ ကိုယ်ကမှ လူတိုင်းမလုပ်နိုင်တဲ့အရာကို လုပ်ပေးနိုင်တာဟာ သူများနဲ့ မတူတဲ့ တန်ဖိုးရှိလို့ပဲ ။ အဲ့ဒီလူဟာ အခြားသူလက်ထဲ သူ့တန်ဖိုးကို ထည့်ပေးတဲ့အခါ သိပ်သတိထားတယ် ။ ငါ့တန်ဖိုးက သူနဲ့တန်ရဲ့လား ၊ ငါလို စိတ်သဘောထားက သူ့အတွက် ဟုတ်ပါ့မလားဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် ပြန်မေးတယ် ။ ကိုယ်ယုံကြည်လို့ ထည့်ပေးလိုက်တဲ့ ကိုယ့်တန်ဖိုးကိုလည်း တဖက်လူကဂရုတစိုက် အလေးထားတာမျိုးလိုချင်တယ်။
ဥပမာ - ယောက်ျားကောင်းတစ်ယောက်၊၊ ငါဟာ ချစ်သူမိန်းကလေးအပေါ် မဖောက်ပြန်ဘူး ၊ အပြည့်ဝ တာဝန်ယူစိတ်ရှိတယ်၊ ဂရုစိုက်တယ်၊ အိမ်ထောင်ကျခဲ့လျှင်လည်း ငါဟာ ဇနီးမယားကို တန်ဖိုးထားလေးစားမယ့်သူလို့ ခံယူတယ်ဆိုပါစို့။ ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ လေးစားထိုက်တဲ့ တန်ဖိုးဖြစ်တယ်။ ဒီတန်ဖိုးကို လက်ခံရရှိသူ မိန်းကလေးအနေနဲ့ တန်ဖိုးထားပေးရမယ်။ တန်ဖိုးထားရတာ တန်အောင်လည်း အမြဲနေထိုင်မယ်။
ဒီလိုမှမဟုတ်ပဲ မိန်းကလေးဖြစ်သူက ကိုယ့်ကိုလေးစားမှုမရှိတာ၊ သိမ်ငယ်အောင်ပြောတာတွေ ကြုံရတဲ့အခါ အချစ်တွေက အလိုလျောက် ပျောက်ကွယ်သွားတယ်။ ဘာ့ကြောင့်ဆို တန်ဖိုးထားမခံရလို့ပဲ။ ကိုယ်တိုင်တည်ဆောက်ထားတဲ့ ကိုယ့်တန်ဖိုးကို ဂရုမစိုက်တဲ့သူဆီ ထည့်မပေးနိုင်ဘူး။ လိပ်ပြာလုံစွာ ပြတ်သားတယ်။ မိန်းကလေးဘက်ကလည်း ဒီလိုပဲ။ အမြဲတန်ဖိုးရှိအောင်နေတဲ့သူဟာ တစ်ဖက်လူရဲ့ တန်ဖိုးထားလေးစားမှုကို လိုချင်တယ်။ မဟုတ်ရင် အဲ့ဒီလူအနားမနေဘူး ။ ကိုယ်ချစ်သင့်တဲ့သူထဲ သူမပါဘူး ဆိုတာမျိုးပဲ တွေးတယ်။
ဒါ့ကြောင့် ကိုယ့်ကိုကိုယ် တန်ဖိုးထားပြီး ၊ အဖိုးတန်မှန်း သိတဲ့သူဟာ မနာကျင်ရဘူး။ သူတို့ရဲ့ စိတ်သဘောထားဟာဟာ အမြဲတန်ဖိုးရှိနေတာဖြစ်တဲ့အတွက် ဘယ်သူ့ဆီမှာမဆို လှပနေမယ်ဆိုတာ သူတို့ကိုယ်တိုင်သိတာကြောင့်ပဲ ။ ကိုယ့်ကိုကိုယ် တန်ဖိုးရှိအောင်နေပြီး တန်ဖိုးရှိတဲ့ အလုပ်ကို လုပ်ပါ ။ ကိုယ်ဟာ လေးစားခံထိုက်တယ်၊ ထူးခြားတယ်၊ အချစ်ခံရဖို့ ထိုက်တန်တယ်၊ အဖိုးတန်တယ်ဆိုတာ အမြဲသိနေပါ။
📖 စာမျက်နှာ - ၁၄၄
- Myanmar
- Only 5 Books Left
- 6800 + Reading